Thursday 28 April 2011

ဖွားမြင်ခြင်းနှင့် ပညာသင်ခြင်းအတွက် စွန့် စားခဲ့ရပုံ

စစ်တွေမြို့  ရှူပရွာခေါ်ရပ်ကွပ်တစ်ခု၌ သာမန် ကုန်သည်ဖြစ်သော ဦးမြနှင့် ဒေါ်အောင်ကျော်သူ ဇနီးမောင်နှံတို့တွင် ပြာသိုလပြည့်ကျော် ၁-ရက် တနင်္လာနေ့၌ သားဦးရတနာ ဖွားမြင်ခဲ့လေသည်။

ထိုသားအား မိဘတို့က ပေါ်ထွန်းအောင် (နောင်-ဦးဥတ္တမ) ဟု အမည်ပေးပြီးလျှင် နောက်သုံးနှစ်ကြာ၌ ဒုတိယသားတစ်ယောက်ကို ဖွားမြင်ပြန်ရာ ၎င်းကို ကျော်ထွန်းအောင် (နောင်-ရှင်အရိယ) ဟု အမည်ပေးထားခဲ့လေသည်။


နောက်ထပ်ဖွားမြင်သော သမီးငယ်တစ်ယောက်ကိုကား မအိမ်စိုးဟု အမည်ထားကြ၏။

ညီအစ်ကိုနှစ်ယောက်မှာ အလွန်ပင်ချစ်ခင်ကြသဖြင့် ကစားတတ်သောအရွယ်တွင်ပင် တစ်ယောက်နှင့်တစ်ယောက် မခွဲမခွာ နေတတ်ကြလေရာ ပေါ်ထွန်းအောင် အသက်ငါးနှစ်တွင် စစ်တွေမြို့ ချောင်းကလေးတစ်ဖက်တွင်ရှိသော အရပ်ကျောင်းတစ်ခုသို့ ပို့အပ်လိုက်သည်။ ညီငယ်ဖြစ်သူ ကျော်ထွင်းအောင်မှာ အစ်ကိုကြီးမရှိသဖြင့် စိတ်အတန်ငယ်ပြီး တမှိုင်မှိင်ဖြစ်နေတော့၍ ကလေးငယ်၏ကျန်းမာရေးကို ထိုခိုက်မည် စိုးသဖြင့် ပေါ်ထွန်းအောင်ကိုကျောင်းမှ ထုတ်ယူပြီး အိမ်တွင်ထားရပြန်၏။


“ကြောင်ပုဇွန်စားကျွတ်ကျွတ်ဝါးသို့”

စာသင်ပျိုနု၊ အခြေပြုတို့
ဥရုဘူတ၊ လုံ့လပြင်းစွာ
သူထက်ငါဟု၊ နှုတ်မှာရွရွ
ကြိုးပမ်းကလျှက်၊ သိပ္ပကေးဇူး
အထူးသိမြင်၊ ပညာရှင်ဟု
မထင်မပေါ်၊ မကျော်စောဘဲ
တိမှာလွဲအံ့၊ အရဲကြိုးကုတ်
ကြက်ရဲသုတ်သို့၊ အားထုတ်ခုံမင်
မသင်မအံ၊ မကြံမမေး
ဆွေးနွေးရောနှော၊ ပြောဟောမဲ့ထွေ
ပေးချပ်ရေဖြင့်၊ သင်ချေပါလည်း
ဘယ်မှာဂုဏ်ရှင်၊ ကျော်စောထင်ချိမ့်
စာသင်ဟူက၊ ကျမ်းထိုမျှကို
တွေ့ကမရှောင်၊ ကြောင်ပုဇွန်စား
ကျွတ်ကျွတ်ဝါးသို့။
ရှင်မဟာရဋ္ဌသာရ

ညီငယ်က ၆ နှစ်အစ်ကိုကြီးပေါ်ထွန်းအောင်က ၉ -နှစ်အရွယ်တွင် ပညာသင်ချင်သော စိတ်ထက်သန်လျက်ရှိသော ညီအစ်ကိုနှစ်ယောက်က မိဘများကို အင်္ဂလိပ်ကျောင်း၌ထားပေးရန် ပူဆာကြလေသည်။ အင်္ဂလိပ်စာတတ်များ ရပ်ရွာတွင် မျက်နှာပွင့်လန်းခြင်းကြောင့်ပင် သူတို့လည်းထိုပညာကို တတ်လိုကြပေသည်။


သို့သော်လည်း အင်္ဂလိပ်စာတတ် သားသမီးတို့မှာ အစိုးရအလုပ်ဖြင့်သာ မိဘကိုခွဲခွာ၍ တမြို့တရွာသို့ ပြောင်းရွေ့နေကြသဖြင့် အမိအဘတို့က အင်္ဂလိပ်ကျောင်းသို့ထားရန် မလိုလား၍ မထားဘဲနေခဲ့လေသည်။

ပေါ်ထွန်းအောင်နှင့် ကျော်ထွန်းအောင်တို့သည် အင်္ဂလိပ်ကျောင်းတွင် မထားပေးလျှင် အိမ်မှာမနေတော့ပြီဟု ပြောဆိုလျက် အိမ်မှ ထွက်ပြေးကြလေသည်။

ကလေးငယ်တို့သည် တာရှည်ဆင်းရပြင်ပန်းခံပြီး နေကြမည် မဟုတ်ဟု ထင်မှတ်သော မိဘတို့ကလည်း လိုက်မခေါ်ဘဲထားရာ ၁၅- ရက်လောက် ညီအစ်ကိုနှစ်ယောက်မှာ အိမ်မကပ်ဘဲ ရောက်ရာလှည့်ပတ်ပြီး ဆင်းရဲခံလျှက် ဇွဲကောင်းကောင်းဖြင့် နေခဲ့ကြလေသည်။ ၁၅ -ရက်ကြာပြီးမှ မိဘနှစ်ဦးတို့မှာ သားနှစ်ယောက်ကို လိုက်ရှာကြရာ သစ်ပင်အောင်မှာတွေ့ရ၏။

ထိုအခါမှပင် စစ်တွေမြို့ မူလတန်းအင်္ဂလိပ်ကျောင်းတွင် သွားရောက်အပ်နှံတော့လေသည်။

ပထမဆုံးကျောင်းအပ်သောအခါအင်္ဂလိပ်လူမျိုးကျောင်းဆရာက အစ်ကိုရောညီကိုပါ သူငယ်တန်းသို့ ချထားလေသည်။ ထိုအခါအစ်ကိုဖြစ်သူပေါ်ထွန်းအောင်က “ကျွန်တော်အင်္ဂလိပ်စာ တတ်ပါတယ်။

တတိယတန်းမှာထားပါ” ဟု ရဲရင့်စွာ ဆရာကိုပြောလိုက်၏။

ဆရာက ဟုတ်မဟုတ် သိရအောင် ပထမတန်း၊ ဒုတိယတန်း စာအုပ်များကို ဖတ်ခိုင်းလေးသည်။

ပေါ်ထွန်းအောင်သည် ကြံ့ခိုင်သောလုံ့လဖြင့် ကြိုးစားထားခဲ့သူဖြစ်၏။

အင်္ဂလိပ်ကျောင်း သူငယ်ချင်းများထံမှတဆင့် သင်ယူထားသည်ကို မိဘများပင် မသိလိုက်ကြပေ။

သို့အတွက်ပင် ဆရာမေးသောစာကို အထစ်အငေါ့မရှိဘဲ ဖတ်ပြလိုက်သဖြင့် ဆရာကအံ့သြစွာ ကျောသတ်ပြီး ဒုတိယတန်းကိုထားပေးရ၏။

ဒုတိယတန်းဖြင့် မကျေနပ်သေးသော ပေါ်ထွန်းအောင်က တတိယတန်းမှာ ထားဖို့ဆရာအား ထပ်မံ၍ တောင်းဆိုလေသည်။

ဆရာက “မင်းဘာမျှမပူနဲ့၊ မကြာခင်စာမေးပွဲစစ်လို့အောင်ရင် အတန်းတင်ပေးမယ်၊ ကြိုးစားပြီးတော့သာသင်ပါ” ဟု အားပေးစကားပြောကြားသဖြင့် ပေါ်ထွန်းအောင်မှာ ကျေနပ်ပြီးလျှင် ဒုတိယတန်း၌သင်နေသည်။ ၆ -လတစ်ကြိမ် စာမေးပွဲစစ်ဆေးသောအခါ ပထမရရှိ အောင်မြင်သဖြင့် တတိယတန်းသို့ တင်ပေးခြင်းခံရလေ၏။

ညီငယ်မှာမူ ပထမတန်းတွင် အတော်ဆုံးကျောင်းသားအဖြစ် သတ်မှတ်ခြင်းခံရလေသည်။ ထိုကျောင်း၌ ၂-နှစ်ကြာသောအခါ ပေါ်ထွန်းအောင်က ၅-တန်း၊ ကျော်ထွန်းအောင်က ၄-တန်းတွင် စာမေးပွဲဝင်ကြရာ အသီးသီး အောင်မြင်ကြသည်၏။

နှုတ်ဖြင့်မေး၍ သင်ပုန်းဖြင့်ဖြေရသော စာမေးပွဲကို စစ်မေးနေစဉ် ပေါ်ထွန်းအောင်က နောက်ဖေးသို့သွားလိုကြောင်း ခွင့်တိုင်ပြီးထွက်သွားရာ ပုစ္ဆာတစ်ခုကို မဖြေလိုက်ရသဖြင့် ဂဏန်းသင်္ချာ၌ ၃-မှတ်လျော့၍ ဒုတိယဖြစ်သေး၏။

ညီငယ်မှာလည်း အခြားဘာသာတို့တွင် ပထမသာရ၍ သင်္ချာတွင်ဒုတိယမျှသာ ရလိုက်နိုင်၏။

စာမေးပွဲပြီးသောအခါ အင်္ဂလိပ်လူမျိုး ရခိုင်တိုင်မင်းကြီးကတော် ကိုယ်တိုင် ကျောင်းသို့ ရောက်လာ၍ အမှတ်အများဆုံး ကျောင်းသားတို့ကို ပထမဆု၊ ဒုတိယဆု စာအုပ်နှင့်ခဲတံစသည့်တို့ကို ပေးကမ်းချီးမြှင့်ခြင်းပြုသည်။

ပေါ်ထွန်းအောင်အား သင်္ချာတွင် ဒုတိယဆုချီးမြှင့်ရန် နာမည်ခေါ်သောအခါ ပထမ၌မသွားဘဲနေ၍ ဆရာကြိမ်းတော့မှ ထပြီးသွားယူလိုက်သည်။

ကျောင်းမှပြန်လာသောအခါ စစ်တွေမြို့ဆိပ်ကမ်း ကုလားတန်မြစ်သို့ အစ်ကိုခေါ်သွား၍ ညီငယ်ပါ လိုက်သွားသည်။ ဆိပ်ကမ်းသို့ရောက်သောအခါ အစ်ကိုက “မင်းဒုတိယဆုရတဲ့ စာအုပ်ကိုပေးစမ့်” ဟုတောင်း၍ ညီကပေးလိုက်သောအခါ အစ်ကိုက သူရသော ဒုတိယဆုအတွက် စာအုပ်နှင့် ညီရသော ဒုတိယဆုစာအုပ်ကို စိစိမွမွဆုတ်ဖြဲပြီး အုတ်ခဲတစ်လုံးနှင့် နာနာထုလျက် မြစ်ထဲသို့ပစ်ချလိုက်ပြီးလျှင် “ဟေ့ငါညီ နောက်ကို ဒုတိယဆု ဘယ်တော့မှမယူနဲ့၊ ပထမဆုသာရအောင်လုပ်ရမယ်” ဟု ဆုံးမပြီး ပြန်ခဲ့ကြ၏။

ထိုအဖြစ်အပျက်များကို ညီငယ်က အိမ်သို့ရောက်သောအခါ အားလုံးပြောပြရာ အမေဖြစ်သူက ”ဘာကြောင့် ဒီလိုလုပ်ရသလဲသားရယ်” ဟု မြည်တွန်တောက်တီးလေသည်။

ထိုအခါတွင် အိမ်တွင်ရှိနေသော အသက် (၆၀) ကျော် ဖွားအေမင်းမအောင်က “သမီး ညဉ်းဆူမနေနဲ့ ငါ့မြေးတွေ ဒီလိုလုပ်တာမှန်တယ်၊ ဒုတိယဆု ဘာလုပ်ဖို့လဲ၊ နောက်ကိုငါ့မြေးတွေ ပထမဆု မရရအောင် ကြိုးစားမယ် ဆိုတာကောင်းတယ်” ဟု ၀င်ပြီးပြောရလေသည်။

စစ်တွေမြို့ မူလတန်းကျောင်း၌ ၅-တန်း ပညာသင်ကြားနေစဉ်ပင် ကာလကတ္တားမှ အင်္ဂလိပ်ခရစ်ယာန် ဘုန်းတော်ကြီးတပါးသည် စစ်တွေမြို့သို့ရောက်လာပြီး ၎င်းကျောင်းမှ ဥာဏ်စွမ်းဥာဏ်စ ထက်မြတ်သော ကျောင်းသားကလေး နှစ်ယောက်လောက် မိမိကိုမွေးစားဖို့ပေးပါ။

ကာလကတ္တားတွင် ဆယ်တန်း အထိသင်ပေးပြီး ဘိလပ်သို့ ပညာသင်ကြားရန် စေလွှတ်ချင်ပါသည်ဟု ကောင်းအုပ်ဆရာကြီးထံ၌ တောင်းလေသည်။

ဆရာကြီးကထိုသို့လွှတ်ရန် အသင့်တော်ဆုံး ကျောင်းသားအဖြစ်ဖြင့် ပေါ်ထွန်းအောင်၊ ကျောင်ထွန်းအောင် ညီအစ်ကို နှစ်ယောက်ကိုပင်မေးရာ ပညာသင်လိုစိတ်ပြင်းနေသော ညီအစ်ကိုနှစ်ယောက်ကလည်း အလွန်ပင် စိတ်ထက်သန်လျှက်ပါလိုကြောင်းကိုပြောကြ၏။